Pegyi

Description

ပဲကြီးသည်အဖြူရောင်ဖြစ်ပြီး များသောအားဖြင့် အရွယ်အစားတူညီလေ့ရှိသည်။ ပဲကြီးသည် ချိုသောအရသာရှိသဖြင့် စွတ်ပြုတ်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ဟင်းသီးဟင်းရွက် ဟင်းအဖြစ် သော်လည်းကောင်း၊ ပဲအနှစ်အဖြစ်သော်လည်းကောင်း စားသုံး တတ်ကြသည်။ ပဲကြီးကို လှော်၍ဖြစ်စေ၊ ကျော်၍ဖြစ်စေ လဘက်ရည်ကြမ်းဖြင့် တွဲဖက်၍ အမြည်းအဖြစ် စားသုံးတတ်ကြသည်။ ပဲကြီးကို ကြာရှည်စွာ သိုလှောင်ထားပါက ပိုးကျလွယ်သောကြောင့် မကြာမကြာ ပိုးသတ်မှိုင်းတိုက်ပေးရန် လိုအပ်ပါသည်။

Specifications

မြန်မာနိုင်ငံတွင် ပဲကြီးကို သြဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖေါ်ဝါရီ၊ မတ် နှင့် ဧပြီလများတွင်ရိတ်သိမ်းလေ့ရှိကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် စိုက်ပျိုးကြောင်း သိရှိရပါသည်။

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၅၇၉၅၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၆၂၃၇၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၄၅၉၇၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၇၃၇၉ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၂၇၄၅ တင်ပို့ခဲ့ကြောင်း သိရပါသည်။

ပဲကြီး၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ပဲကြီး
(ခ) ဒေသအခေါ်အဝေါ် – ပဲကြီး
(ဂ) အင်္ဂလိပ်အမည် – LAB LAB BEAN, FLAT BEAN, INDIAN BEAN, HYACINTH BEAN
(ဃ) ရုက္ခဗေဒအမည် – LAB LAB PURPUREUS LINN, DILICHOS LAB LAB LINN

ပဲကြီး၏ပျှမ်းမျှအရွယ်အစားမှာ အလျား ၁၄ မီလီမီတာခန့် ရှိပြီး အနံ ၁ဝ မီလီမီတာခန့် ရှိပါသည်။ ထု ၅ မီလီမီတာခန့်ရှိပြီး အလေးချိန် ဝ.၄၅ ဂရမ်ခန့်ရှိပါသည်။ ပဲကြီး၏အရွယ်အစားမှာ ပဲများတွင် အကြီးအရွယ်အစားဖြစ်ပါသည်။ ထောပတ်ပဲ၊ ပဲနီပြာ၊ စွန်တာနီ / ပြာတို့ကဲ့သို့ ပဲအလျား၊ အနံထုကြီးပါသည်။ ဘေးမှအမြင် ဘဲဥပုံ (OVSL SHAPE) သဏ္ဍာန်ရှိပြီး မလုံးမပြား ကြား အနေအထား ရှိပါသည်။ ပဲအမျိုးအစားများစွာကို လုံးကြီးအုပ်စု၊ လုံးသေးအုပ်စု၊ ခွဲခြားရာ၌ ပဲကြီးသည် လုံးကြီးအုပ်စု တွင်ပါဝင်ပါသည်။ ပဲ၏အဆင်းမှာအဖြူရောင်ဖြစ်ပြီး အဖြူတွင်အဝါရောင်ဖျော့ အနည်းငယ်သမ်း ပါသည်။ ပဲ၏အညှောင့်ဗီဇ ထွက်ပေါ်ရာတွင် အဖြူကြောင်းမှာ အခြားပဲများထက် အထူးရှည်လျား ပါသည်။ ပဲကြီး၏ အလျားနှင့်အနံပေါ်ကို ဖုံးအုပ်လျှက် အကွေးသဏ္ဍာန်ဖြစ်ပေါ်နေပါသည်။ အဖြူကြောင်းမှာ ၁ဝ မီလီမီတာခန့်အထိရှိပါသည်။

အသီး၏ပုံသဏ္ဍာန်မှာ လိမ္မော်သီးစိပ်ပုံသဏ္ဍာန်ရှိပြီး အရွယ်မှာ ၃ မှ ၆ စင်တီမီတာခန့်ထိရှိ ပါသည်။ အသီး၏အရောင်သည် မူလတွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်လာသည့် အခါတွင် ကောက်ရိုး ရင့် ရောင် သို့ပြောင်းလဲသွားပါသည်။

ပဲမျိုးစုံနှင့်ပါတ်သက်၍ မှတ်တမ်းတစ်ခုအရ အာဟာရဓါတ်ပါဝင်မှုကို အောက်ပါအတိုင်း တွေ့ရ ပါသည်။

(၁) အစိုဓါတ် (Moisture %) 9.6 %
(၂) အဆီဓါတ် (Fat %) 0.8 %
(၃) အသား / အမျှင်ဓါတ် (Fibre %) 1.4 %
(၄) ပရိုတိန်းဓါတ် (Protein %) 24.9 %
(၅) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 60.1 %
(၆) ပြာဓါတ် (Ash %) 3.2 %

ပဲကြီး၏ မူရင်းဒေသမှာ အာရှတိုက် အရှေ့တောင်ပိုင်းနိုင်ငံများမှ ဖြစ်သည်ဟု ဆိုကြပါသည်။ ပဲကြီးကို အိန္ဒိယတွင် အများအပြား စိုက်ပျိုးခဲ့ကြကြောင်းနှင့် အာဖရိကတိုက်တွင်လည်း တွေ့ရကြောင်း သိရပါသည်။ မူရင်းဒေသအမှန်မှာ အာရှတိုက်အရှေ့တောင်ပိုင်း အိန္ဒိယကျွန်းဆွယ်ဒေသဖြစ်ကြောင်း လည်းဆိုကြပါသည်။

ပဲကြီးမျိုးများကို အာရှတိုက်တောင်ပိုင်းဒေသမှ အာဖရိကတိုက်သို့ (၈) ရာစုနောက်ပိုင်းခန့်တွင် ပျံ့နှံရောက်ရှိခဲ့ကြောင်း၊ အချို့သောသုတေသီများက ဆိုကြသည်ဟု သိရပါသည်။ ယခုအခါ အပူပိုင်းနှင့် သမနွေးပိုင်းဒေသများတွင် စိုက်ပျိုးလျှက်ရှိကြသည်ဟု သိရပါသည်။

ပဲကြီးသည် မြေခြေက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အခြားဆောင်းသီးနှံများ နည်းတူ မြေအစိုဓါတ်ဖြင့်ပင် စိုက်ပျိုးအောင်မြင်နိုင်ပါသည်။ အထူးသဖြင့် အနေတော်အပူချိန် (OPTIMUM TEMPERATURE) မှာ ၆၄ံ အက်ဖ်နှင့် ၈၄ံ အက်ဖ် (၁၈-၃ဝ စင်တီဂရိတ်)ကြားတွင် ဖြစ်ပါသည်။ ယင်းထက်ပူသောအပူချိန်ကိုလည်း ခံနိုင်ရည်ရှိပါသည်။ အာရှတိုက်တွင် ပေ ၆ဝဝဝ မှ ၇ဝဝဝ မြင့်သောတောင်ပေါ်ဒေသများတွင်ပင် စိုက်ပျိုးနိုင်ပြီး မြန်မာပြည်တွင်မူ မြေနိမ့်ကမ်းရိုးတန်းများတွင် စိုက်ပျိုးကြပါသည်။ မိုးရေချိန်လက်မ ၂၄ လက်မ နှင့် ၃၆ လက်မအကြား စိုက်ပျိုးကြပါသည်။ အိန္ဒိယပြည်တွင် မိုးရေချိန်လက်မ ပျှမ်းမျှ ၁၆ လက်မခန့်သာရှိသော နေရာများတွင် ဆည်ရေသောက်ဖြင့် စိုက်ပျိုးကြကြောင်းသိရပါသည်။

ပဲကြီးကို အချို့ဒေသများတွင် သြဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးကြပြီး၊ အချို့အောက်တိုဘာအထိ စိုက်ပျိုးကြသည်။ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းခြင်း ကင်းလွတ်ရန် အတွက် အောက်တိုဘာလခန့်တွင်မှ စိုက်ပျိုးကြပါသည်။

မြေမြင့်ဒေသများတွင် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများ၌ ရိတ်သိမ်းကြ၍ တောင်ပေါ် မြေပြင်ပိုင်းများတွင်မူ ဖေဖေါ်ဝါရီလ၊ မတ်လခန့်တွင်မှ ရိတ်သိမ်းကြပါသည်။ မြန်မာနိုင်ငံရှိ ပဲကြီးများ၏ သက်တမ်းမှာ (၅) လနှင့် (၆) လအတွင်း (ရက်ပေါင်း ၁၅ဝ မှ ၁၇ဝ အတွင်း) ရှိပါသည်။ ကမ္ဘာပေါ်တွင် ပဲကြီး၏သက်တမ်းသည် အမျိုးအစားကိုလိုက်၍ ရက်ပေါင်း (၇၅) မှ (၃ဝဝ) အထိ ရှိကြောင်း သိရပါသည်။ အိန္ဒိယပြည်တွင် စိုက်ပျိုးသည့် ပဲကြီးမျိုးကောင်းများမှာ အပင်သက်တမ်းရက် (၁ဝဝ) ခန့်သာရှိကြောင်း သိရပါသည်။

မြန်မာပြည်တွင် ပဲကြီးကို လူသိများပြီး လူကြိုက်လည်းများပါသည်။ ပဲကြီးကိုလှော်၍ ပဲကြီးလှော်အဖြစ် စားသုံးကြပါသည်။ ပဲကြီးကိုလှော်ရာတွင် ပဲကြီးကို ဆားအနည်းငယ်ဖျော်ထားသည့် ရေတွင် စိမ်၍ အခြောက်လှမ်းပြီးပြန်လှော်ပါသည်။ ပဲကြီးကိုအခြမ်းပြု၍ ပဲကြီးကြော်ပြုလုပ်ပြီး ယင်းအတိုင်းသော်လည်းကောင်း၊ လက်ဖက်ဖြင့်သော်လည်းကောင်း စားသုံးကြပါသည်။ ပဲကြီးကို ဟင်းချို အဖြစ် လည်းကောင်း၊ အိုးကပ်အဖြစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြသည်။

Looking for an Business Opportunity?